အွန်လိုင်းပညာရေး
မြန်မာကျောင်းသားတွေအတွက် စစ်ကျွန်ပညာရေးမဟုတ်တဲ့ အလားအလာရှိတဲ့ အခြားရွေးချယ်စရာတစ်ခု ဖန်တီးပေးနိုင်ရေးအတွက် VFU ကို တည်ထောင်ခဲ့ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ လက်ငင်းလိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ သင်တန်းတွေရယ်၊ ဖက်ဒရယ်ဒီမိုကရေစီအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်ရေးကို ဦးတည်တဲ့သင်တန်းတွေကို ကျွန်ုပ်တို့က ဦးစားပေးဖွင့်လှစ်ပါတယ်။ စစ်အာဏာသိမ်းပြီး နှစ်နှစ်တာကာလအတွင်းမှာ ဖက်ဒရယ်စနစ်နှိုင်းယှဉ်လေ့လာခြင်း (Comparative Federalism) နဲ့ နိုင်ငံတကာနောက်ခံက နိုင်ငံသားဖြစ်ခြင်းနဲ့ နိုင်ငံမဲ့ခြင်း (Citizenship and Statelessness in International Contexts) အပါအဝင် ဆရာနဲ့ကျောင်းသား တိုက်ရိုက်ပြောဆိုသင်ကြားတဲ့ Synchronous အွန်လိုင်းသင်တန်း (၆) ခုနဲ့ ကျောင်းသားများ မိမိတို့ကိုယ်ပိုင်အချိန်မှာ ကြိုက်သလိုသင်ယူနိုင်တဲ့ Asynchronous သင်တန်း (၁၃) ခုတို့ကို ဝဘ်ဆိုက်နဲ့ တယ်လီဂရမ်ချန်နယ်တွေကတစ်ဆင့် အွန်လိုင်းအသုံးပြုသူပေါင်း (၃) သိန်းခန့်အတွက် VFU က ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ သင်တန်းတွေကို ပရင်စတန်ကမ္ဘာ့သမိုင်းလက်တွေ့ခန်း (Princeton Global History Lab) နဲ့ နိုင်ငံမဲ့ဖြစ်ခြင်းနှင့် ထည့်သွင်းပါဝင်ခြင်း အင်စတီကျု (Institute on Statelessness and Inclusion) တို့လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းရေးဆွဲသင်ကြားပြီး ဘဏ္ဍာရေးအတွက်ကိုတော့ Forum of Federations၊ Community Partners International နဲ့ Luce Foundation တို့ကနေ ထောက်ပံ့ပါတယ်။
၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ VFU ဟာ တိုရွန်တိုတက္ကသိုလ် (University of Toronto) နဲ့ အလုပ်တွဲလုပ်နေသလို နိုင်ငံတကာဖွံ့ဖြိုးမှုသုတေသနစင်တာ (International Development Research Centre - IDRC) ရဲ့ ဒီမိုကရေစီအတွက် အသိပညာ - မြန်မာ (Knowledge for Democracy - Myanmar) အစီအစဉ်ကနေ အွန်လိုင်းသင်တန်းတွေ ဖော်ဆောင်သင်ကြားဖို့အတွက် ထောက်ပံ့ကြေးကိုလည်း ရရှိခဲ့ပါတယ်။ VFU အဖွဲ့ဝင်တွေဟာ စစ်အာဏာရှင်စနစ်ကို သပိတ်မှောက်ပြီး ရန်ကုန်တက္ကသိုလ်ကို လွတ်လပ်စွာကိုယ်စားပြုနေတဲ့ ကြားကာလရန်ကုန်တက္ကသိုလ်ကောင်စီနဲ့ ပူးပေါင်းပြီး သင်တန်းသားခေါ်ယူရေး၊ သင်တန်းပို့ချခြင်း၊ သင်တန်းဟာအကျိုးရှိမရှိတိုင်းတာခြင်းတွေ လုပ်ဆောင်လျက်ရှိပါတယ်။ VFU အဖွဲ့ဝင်တွေ သင်ကြားပို့ချတဲ့သင်တန်းတွေဟာ ကြားကာလရန်ကုန်တက္ကသိုလ်ကောင်စီရဲ့ ဘွဲ့ဒီဂရီပရိုဂရမ်တွေ၊ အသိအမှတ်ပြုခြင်းတွေကို ထောက်ပံ့နိုင်ရန်လည်း ရည်ရွယ်ပါတယ်။
စိတ်ဝင်စားသော သင်တန်းများကို ဤနေရာတွင် ရှာဖွေလိုက်ပါ;
1.Race and Castle (လူမျိုးနှင့်ဇာတ်)
2.Critical Reading (ဝေဖန်သုံးသပ်၍ စာဖတ်ခြင်း)
3.SEAsia Cold War ( အရှေ့တောင်အာရှနှင့် စစ်အေးကာလ)
4.Intro to Molecular Biology (မော်လီကျူဆိုင်ရာ ဇီဝဗေဒမိတ်ဆက်)
5.Citizenship and Statelessness (နိုင်ငံသားဖြစ်မှုနှင့် နိုင်ငံမဲ့မှု)
6.Lies My Teacher told me (ဆရာတို့ပြောသော သမိုင်းအလွဲများ)
7.Introduction to Politics (နိုင်ငံရေး မိတ်ဆက်)
8.Fundamentals of Research (သုတေသနဆိုင်ရာ အခြေခံလိုအပ်ချက်များ)
9.Labour Issues in Myanmar History (မြန်မာ့သမိုင်းထဲက အလုပ်သမားရေးရာ အကြောင်းအရာများ)
10.Early Childhood Development (ဘဝအစ ကလေးငယ်တို့၏ ဘဝဖွံ့ဖြိုးမှုများ)
11.Learning by Playing (ကစားရင်း သင်ယူမယ်)
12.Intro to Comparative Federalism (နှိုင်းယှဉ်လေ့လာ ဖက်ဒရယ်စနစ် မိတ်ဆက်)
မြေပြင်ရှိပရိုဂရမ်များ
ပညာရေးအပါအဝင် ကဏ္ဍစုံမှာ သမိုင်းတစ်လျှောက် အခက်ခဲဆုံးအချိန်တွေထဲကတစ်ခုကို မြန်မာနိုင်ငံဟာ ကြုံတွေ့ဖြတ်သန်းနေရပါတယ်။ ဆရာတွေ၊ သင်ကြားပို့ချသူတွေကို စစ်တပ်က အရေးယူဖမ်းဆီးပြီး ပညာရှင်တွေကို ပစ်မှတ်ထားခြင်းရဲ့ အကျိုးဆက်ကို တိုင်းပြည်က ရှည်ကြာစွာခံစားရပါလိမ့်မယ်။ VFU က ပညာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းတဲ့အနေနဲ့ ဆရာဖြစ်သင်တန်းတွေပေးနေသလို ကရင်နီ၊ ကချင်၊ စစ်ကိုင်း၊ ရှမ်းမြောက်နဲ့ မကွေးတို့လို ပဋိပက္ခပြင်းထန်ရာဒေသတွေမှာရှိတဲ့ ဒေသခံကျောင်းတွေအတွက် လိုအပ်တဲ့ သင်ထောက်ကူတွေနဲ့ နည်းပညာအကူအညီတွေ ပေးလျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ်၊ မေလကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း အဆိုပါဒေသတွေမှာရှိတဲ့ ကျောင်း (၃၃) ကျောင်းက ဆရာ၊ ဆရာမ (၅၁၃) ဦးကို စာအုပ်တွေ၊ သင်ထောက်ကူတွေနဲ့ ထောက်ပံ့ကြေးတွေ ပေးပို့ထောက်ပံ့ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ကချင်နဲ့ ကရင်နီမှာ VFU က ဆရာဖြစ်သင်တန်း (_) ကြိမ်ဖွင့်လှစ်ခဲ့ပြီး ဆရာ၊ ဆရာမ (၁၃၃) ဦးကို လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ VFU အနေနဲ့ ကရင်နီမှာ အခြေစိုက်တဲ့ Karenni Prarǔ အသက်မွေးဝမ်းကျောင်းသင်တန်းရဲ့ အပတ်စဉ် (၃) ခုနဲ့ သင်တန်းသား (၉၈) ဦးအတွက်လည်း ထောက်ပံ့မှုပြုခဲ့ပါတယ်။ အဆိုပါသင်တန်းသားတွေထဲက အချို့ဟာ စစ်ဘေးရှောင်စခန်းတွေမှာ ဆရာ၊ ဆရာမတွေ ဖြစ်နေကြပါပြီ။
တစ်စုံတစ်ရာလှုပ်ရှားသက်ဝင်စေမှု ရှိစေရန်နှင့် အပြောင်းအလဲကို ဦးတည်သည့် သုတေသ န (Action Research)
ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတည်ထောင်ရေးမှာ အသိပညာအားဖြင့် အကျိုးပြုနိုင်မယ့် လွတ်လပ်ပြီး ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်သူတွေ မွေးထုတ်ဖို့ ဒီသုတေသနအစီအစဉ်က ရည်ရွယ်ပါတယ်။ သုတေသနလုပ်တဲ့အဆင့်တိုင်းမှာ လိုအပ်တဲ့ လူမှုသိပ္ပံသုတေသနဆိုင်ရာ အခြေခံစွမ်းရည်တွေနဲ့ အတွေ့အကြုံတွေရရှိစေဖို့အတွက် ဒီအစီအစဉ်ကို ရေးဆွဲထားပါတယ်။ VFU ကွန်ရက်က ကျောင်းသားသုတေသီတွေဟာ သူတို့သုတေသနလုပ်နေတဲ့အကြောင်းအရာတွေကို ကိုယ်တိုင်သိမြင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံရှိကြသလို သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေးလည်းရှိကြကာ ထိုလူ့အဖွဲ့အစည်းတွေကို သုတေသနတွေ့ရှိချက်တွေနဲ့ အကျိုးပြုနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။ VFU ရဲ့ သုတေသနသင်တန်းနည်းပြနဲ့ ပညာရေးဆိုင်ရာအကြံပေးတွေက သုတေသနနည်းနာဆိုင်ရာ သင်တန်းပေးခြင်း၊ အဆိုပြုလွှာပြင်ဆင်တာတွေ၊ အချက်အလက်ကောက်ယူတာ၊ သုံးသပ်တာတွေမှာ ကူညီခြင်း၊ တွေ့ရှိချက်တွေကို ကျယ်ကျယ်ပြန့်ပြန်ဖြန့်ဝေနိုင်ဖို့ အခွင့်အရေးတွေရှာဖွေပေးခြင်းတို့ကို ပြုလုပ်ကြပါတယ်။VFU ရဲ့သုတေသနအစီအစဉ်စတင်တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီကနေစပြီး အခုထိဆိုရင် ကျောင်းသားလှုပ်ရှားမှု၊ နိုင်ငံသားဖြစ်မှုနဲ့ နိုင်ငံမဲ့ဖြစ်မှုဆိုင်ရာ သုတေသနအစီအစဉ် (၇) ခုကို ကျောင်းသူ၊ ကျောင်းသားတွေက လုပ်ဆောင်ပြီးမြောက်ခဲ့ကြပါပြီ။
သုတေသနတွေ့ရှိ ချက်များ
ကျောင်းသားလှုပ်ရှားမှု သုတေသနအစီအစဉ်
ကျောင်းသားသုတေသီ(ပထမအသုတ်)က ကျောင်းသားလှုပ်ရှားမှုအကြောင်းကို အဓိကထားသုတေသနပြုခဲ့ကြပါတယ်။ နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်နေကြတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် (၉) ဦးက လက်ရှိတော်လှန်ရေးမှာ ကျောင်းသားတွေရဲ့ပါဝင်မှု၊ ကျောင်းသားတွေနဲ့ အခြားအစုအဖွဲ့တွေကြားက ချိတ်ဆက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ တော်လှန်သူကျောင်းသားတွေအနေနဲ့ ၁၉၈၈ နဲ့ ယခုကာလမှာ ကြုံရတဲ့ အခွင့်အရေးနဲ့ စိန်ခေါ်မှုတွေကိုနှိုင်းယှဉ်ခြင်းတို့ကို စူးစမ်းလေ့လာခဲ့ကြပါတယ်။ အဖွဲ့ (၃) ဖွဲ့က အောက်ပါခေါင်းစဉ်တွေကို သုတေသနပြုလေ့လာခဲ့ကြတာဖြစ်ပါတယ်။
အဖွဲ့(၁)။ ၂၀၁၆ ခုနှစ် ကနေ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်ခင်အထိ လုပ်ဆောင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုနဲ့ အလုပ်သမားလှုပ်ရှားမှုတွေရဲ့ နွေဦးတော်လှန်ရေးအစောပိုင်းကာလ လူထုလှုပ်ရှားမှုအပေါ် သက်ရောက်ပုံ (The Impact of Students and Workers' Movements from 2016 until the 2021 coup upon the early period of Spring Revolution Mass Movement)
အဖွဲ့(၂)။ ၁၉၈၈ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ် ကျောင်းသားလက်နက်ကိုင်လှုပ်ရှားမှုများကို နှိုင်းယှဉ်ချက် (Comparison of Students’ Armed Struggles in 1988 and 2021)
အဖွဲ့(၃)။ ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးမှာ ကျောင်းသားထုရဲ့ပါဝင်မှုကို သုံးသပ်ခြင်း - ထူးခြားမှုများကို ဆန်းစစ်ခြင်း (Analysis of Students’ Participation during Spring Revolution 2021 in Myanmar: Probing the Peculiarities)
အင်တာဗျူးတွေနဲ့ သုတေသီတွေရဲ့ ကိုယ်တွေ့အတွေ့အကြုံများကနေရရှိတဲ့ တွေ့ရှိချက်တွေဟာ မြန်မာလူငယ်တော်လှန်ရေးသမားတွေရဲ့ အခက်အခဲတွေ၊ ဗျူဟာတွေနဲ့ အားအင်တွေကို မီးမောင်းထိုးပြနေပါတယ်။ ဒီအစီအစဉ်ကို ဟင်နရီလုစ်ဖောင်ဒေးရှင်း (Henry Luce Foundation) က ငွေကြေးထောက်ပံ့ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကနေ အောက်တိုဘာလအထိ ကြာမြင့်ခဲ့ပါတယ်။ အဖွဲ့အလိုက် သီးခြားအစီရင်ခံစာ (report) တွေ ရေးကြသလို သူတို့ရဲ့တွေ့ရှိချက်တွေကို စုပေါင်းပြီး အနှစ်ချုပ်အနေနဲ့ သိစပ်မြင်နှံ့ဂျာနယ် (Independent Journal of Burmese Scholarship - IJBS) မှာလည်း ပါဝင်ရေးသားခဲ့ပါတယ်။
နိုင်ငံသားဖြစ်ခြင်းနဲ့ နိုင်ငံမဲ့ခြင်း သုတေသနအစီအစဉ်
ကျောင်းသားသုတေသီ(ဒုတိယအသုတ်)က နိုင်ငံသားဖြစ်ခြင်းနဲ့ နိုင်ငံမဲ့ခြင်းကို အဓိကထား သုတေသနပြုခဲ့ကြပါတယ်။ ဒီသုတေသနအစီအစဉ်ကို လေလှိုင်းဖက်ဒရယ်တက္ကသိုလ် (VFU) နဲ့ နိုင်ငံမဲ့ဖြစ်ခြင်းနှင့် ထည့်သွင်းပါဝင်ခြင်း အင်စတီကျု (Institute on Statelessness and Inclusion - ISI) တို့က ပူးပေါင်းဖွင့်လှစ်တာဖြစ်ပါတယ်။ ဒီသုတေသနအစီအစဉ်ကို အသိပညာစီမံခန့်ခွဲရေးဘဏ္ဍာငွေ (Knowledge Management Fund - KMF) က နည်းပညာနဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ထောက်ပံ့ပြီး အားလုံးပါဝင်တဲ့ အာဏာသိမ်းမှုအလွန် ဖက်ဒရယ်ဒီမိုကရက်တစ်မြန်မာနိုင်ငံရဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ တွေးဆချက်တွေကို သုတေသီတွေအနေနဲ့ လူ့အဖွဲ့အစည်းအဆင့်သုတေသနပြုနိုင်အောင် ကူညီပေးပါတယ်။ VFU နဲ့ ISI တို့ရဲ့ ကွန်ရက်ထဲက ပဋိပက္ခဒဏ်ခံစားနေကြရတဲ့ မြန်မာလူငယ် (၁၂) ဦးဟာ မတူညီတဲ့နောက်ခံအခြေအနေတွေမှာ နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးနေရခြင်းကို စူးစမ်းလေ့လာခဲ့ကြပါတယ်။ ဒါ့အပြင် အနာဂတ်ဖက်ဒရယ်စနစ်နဲ့ စစ်မဲ့နိုင်ငံတော်ရဲ့ လူမှုပဋိဉာဉ် (social contract) အစိတ်အပိုင်းတစ်ခုအနေနဲ့ နိုင်ငံသားဖြစ်ခြင်းအကြောင်းကို မတူညီတဲ့လူမျိုးစုတွေကြား ဆွေးနွေးဖို့လမ်းကြောင်းကိုလည်း ဖော်ဆောင်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာ သုတေသနအဖွဲ့ (၄) ဖွဲ့ပါဝင်ပြီး (၃) ဖွဲ့က အရည်အသွေးစံပြု (qualitative) နည်းနာကိုအသုံးပြုလေ့လာခဲ့ကာ ကျန်တစ်ဖွဲ့ကတော့ အရေအတွက်စံပြုစစ်တမ်း (quantitative survey) နည်းနာကို အသုံးပြုခဲ့ပါတယ်။ သုတေသနခေါင်းစဉ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
အဖွဲ့(၁)။ စစ်ဘေးရှောင်စခန်းတွေက ကလေးငယ်တွေရဲ့ ပညာရေးလက်လှမ်းမီမှု - ရှမ်းပြည်နယ်တောင်ပိုင်း အထူးပြုလေ့လာချက် (Access to Education of Children in IDP Camps: A Case Study in Southern Shan State)
အဖွဲ့( ၂)။ အာဏာသိမ်းမှုအလွန်မြန်မာနိုင်ငံက ပဋိပက္ခဒဏ်အခံရဆုံးဒေသတွေမှာ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရမှုများ (The Violated Rights of Citizens from the Most Conflict-affected Areas in Post-coup Myanmar)
အဖွဲ့(၃)။ စစ်အာဏာသိမ်းပြီးနောက် ရွှေ့ပြောင်းနေထိုင်သူဖြစ်လာခြင်းနဲ့ နိုင်ငံသားအခွင့်အရေးဆုံးရှုံးရမှုများ - ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို လေ့လာခြင်း (Becoming Migrants and Losing Citizenship Rights after the Coup: A Study of Myanmar Migrants in Mae Sot, Thailand)
အဖွဲ့( ၄)။ သင်ရော ကျွန်ုပ်နဲ့ ရှိသလား - နိုင်ငံသားဖြစ်ခြင်းအပေါ် မြန်မာလူထုရဲ့အမြင် သုတေသနစစ်တမ်း (You Belong with Me?: A Research Survey on Public Attitudes towards Citizenship in Myanmar)
ဒီသုတေသနအစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာကနေ ၂၀၂၃ ခုနှစ်၊ မတ်လအထိ ပြုလုပ်ခဲ့ပါတယ်။ သုတေသီတွေက အစီရင်ခံစာ (reports) တွေ ရေးသားကြပြီး နိုင်ငံသားအခွင့်အရေးချိုးဖောက်မှုများနဲ့ လူမှုပဋိဉာဉ်ကို ပြန်လည်တွေးဆခြင်း ပေါင်းစပ်အစီရင်ခံစာမှာ ဖြန့်ဝေခဲ့ကာ webinar တစ်ခုပြုလုပ်ပြီးလည်း သုတေသနတွေ့ရှိချက်တွေကို မျှဝေခဲ့ကြပါတယ်။
ဒီပရောဂျက်အကြောင်းကို ပိုမိုသိရှိရန် [ဖတ်ဖို့အတွက် ISI ဝဘ်ဆိုက်ကို ညွှန်ပို့တဲ့ လင့်ခ်တွေ ဒီနေရာမှာ ထည့်သွင်းရန်။]